Tuesday, March 7, 2017

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက် (၀၇၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက ဒုရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်း တပ်ခွဲကို စစ်ဆေးခဲ့သည်။ ထို့နောက် သင်တန်းဆင်းတပ်ခွဲများမှ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ရဲချုပ်က ရဲသီဟတပ်ခွဲမှ အကောင်းဆုံးကျောင်းသားဆုရ ကျောင်းသား အမှတ် (၇၂) ဒုတိယရဲအုပ်လောင်း ထွန်းထွန်းဝင်း၊ လေ့ကျင့်ရေးထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၇၇) ဒုတိယ ရဲအုပ်လောင်း မူမူဝင်း၊ ဥပဒေဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၆၁) ဒုတိယရဲအုပ်လောင်း နီလာစိုး၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၁၃၅) ဒုတိယရဲအုပ်လောင်း ရဲရင့်အောင်၊ ကွန်ပျူတာ ဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၃၃) ဒုတိယရဲအုပ်လောင်း ချောစုတို့အား ဆုများအသီးသီးချီးမြှင့်သည်။
ယင်းနောက် ရဲချုပ်မှ အမှာစကားပြောကြားရာတွင် ရဲဘော်တို့အနေဖြင့် မိမိထက်အောက်ရာထူးအဆင့်ဆင့်မှာ အပြန်အလှန်လေးစားမှုနှင့် တာဝန်များကို ထမ်းဆောင်ကြရမှာဖြစ်ပြီး တပ်ဖွဲ့ဝင်အဆင့်ဆင့်၏ စုပေါင်းစွမ်းရည်များကို ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး ပြစ်မှုတရားစီရင်ရေးအပေါ် ပြည်သူများယုံကြည်ကိုးစားလာအောင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များမှာ ပြည်သူလူထုအလွှာအသီးသီးက တက်ကြွစွာ ပူးပေါင်းပါဝင်လာအောင် လူ့အခွင့်အရေးလေးစားမှုဖြင့် လူ့အဖွဲ့အစည်းဝင်အားလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဒီမိုကရေစီရဲလုပ်ငန်း၏ တိုးတက်မှုသည် ထိန်းချုပ်မှုကိုရှေးရှုသော SERVICE CONTROL ORIENTED APPROACH မှ ၀န်ဆောင်မှု ကိုရှေ့ရှုသော SERVICE ORIENTED APPROACH သို့ ပိုမိုကူးပြောင်းနိုင်ခြင်းအပေါ် မူတည်ကြောင်း ၀န်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ကိုဖေါ်ဆောင်သည့်အခါ ရဲတပ်ဖွဲ့ဝင်အားလုံး သည် နိုင်ငံသားပြည်သူများကို ဆွေမျိုးအရင်းအခြာသဖွယ် သဘောထားဆက်ဆံပြီး ပြည်သူများအား ၀န်ဆောင်မှုပေးနေခြင်းဖြစ်သည်ဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်၏ ရဲတပ်ဖွဲ့ ဖြစ်သည်နှင့်အညီ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ကျင့်ကြံနေထိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရဲလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဖြစ်ရုံသာမကဉာဏ်အမြော်အမြင်လည်းရှိကြရမည်ဖြစ်ပြီး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး ဦးတည်ရမည့်အပြင် ရေရှည်တွင် အဆိုးဘက်သို့ ဦးတည်သည့် အကျိုးသက်ရောက်မှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးအပိုင်း တာဝန်ရှိသူများ အနေဖြင့် ရှောင်လွဲမရနိုင်သည့် အခြေအနေမျိုးတွင် အင်အားကိုအသုံးပြုပြီး ဆောင်ရွက်ကြရာ၌ အချိုးအစားညီမျှမှု (Proprotionality)၊ ဥပဒေနှင့်ညီညွတ်မှု (Legitimacy)၊ တာဝန်ခံမှု (Accountability)၊ လိုအပ်ချက်ရှိမှု (Necessity) စသည့်  နိုင်ငံတကာစံနှုန်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။
အဆိုပါဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲသို့ တပ်တွင်းဘွဲ့ရ အမျိုးသား (၂၂၁) ဦး၊ အမျိုးသမီး (၁၀၆) ဦး၊ စုစုပေါင်း (၃၂၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။








No comments:

Post a Comment