Thursday, April 13, 2017

ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမရေကစားမဏ္ဍပ်၌ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ (၁၃၇၉ ခုနှစ်၊ တန်ခူးလဆုတ် ၂ ရက်)ညနေ (၁၆၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင် မိသားစုများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားကို မြူမှောင်ဝေကင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိလာသော ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီးအား ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်နှင့်ဇနီး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်မိသားစုများ၊ သင်တန်းသား/သင်တန်းသူများမှ သင်္ကြန်ရေအား သပြေခက်ဖြင့်ပက်ဖျန်းကာ ပန်းကုန်းစွပ်ကြိုဆိုခဲ့ပြီး သင်တန်းသား/သင်တန်းသူများမှ သင်္ကြန်သီချင်းများသီဆို၍ ကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းသား/သင်တန်းသူများအား တပ်ခွဲတစ်ခွဲလျင် (၁၀၀၀၀၀ိ/-)ကျပ်စီဖြင့် တပ်ခွဲ (၃)ခွဲ အတွက် စုစုပေါင်း ဆုငွေသုံးသိန်းတိတိ (၃၀၀၀၀၀ိ/-) ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်္ကြန်ပွဲတော်တက်ရောက်လာသူများအား ရွှေရင်အေးဖြင့် ဧည့်ခံတိုက်ကျွေးခဲ့ပြီး သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာ ကျင်းပ၍ ရေကစားခဲ့ကြကြောင်း သတင်းရရှိပါသည်။






No comments:

Post a Comment