Friday, June 16, 2017

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၈/၂၀၁၆) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ (၀၇၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီး၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း (၁) ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ္တရဲချုပ် အောင်ဝင်းဦးက ဒုရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲနှင့် နောက်အရံတပ်ခွဲကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ခေတ္တရဲချုပ်က ရဲဗလတပ်ခွဲမှ အကောင်းဆုံးကျောင်းသားဆုရနှင့် ရဲကျင့်ဝတ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၀) ဒုတိယရဲအုပ်လောင်း ကျော်ရဲပိုင်၊ လေ့ကျင့်ရေးထူးချွှန်ဆုရ ကျောင်းသားအမှတ် (၁၂၉) ဒုတိယရဲအုပ်လောင်း ရဲနောင်၊ ဥပဒေဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၄) ဒုတိယရဲအုပ်လောင်း ချစ်ကောင်း၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၂၄၅) ဒုတိယရဲအုပ်လောင်း နန်းသဇင်၊ ကွန်ပျူတာဘာသာရပ်ထူးချွှန်ဆုရ ကျောင်းသားအမှတ် (၃၀၆) ဒုတိယရဲအုပ်လောင်း အေမီစိုးဝင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ခေတ္တရဲချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်မည့်သူများဖြစ်၍ ပြည်သူလူထုမှ ယုံကြည်အားကိုးရသော အရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းသွားရမည်ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအရည်အသွေး၊ ခေါင်းဆောင်ကောင်းတစ်ဦး၏ စောင့်စည်းရမည့် ကျင့်ဝတ်သိက္ခာများနှင့် ထားရှိရမည့် ရည်မှန်းချက်များကို ကောင်းစွာသိရှိနားလည်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် စွမ်းအားရှိသမျှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
အမျိုးသမီးရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကျွမ်းကျင်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသည့်သူ များကို တိုးမြှင့်ဖြည့်ဆည်းခန့်အပ်ကာ အရေးကြီးသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်း စုံစမ်းစစ်ဆေးရေး၊ မှုခင်းသတင်းထောက်လှမ်းရေးကိစ္စများတွင် အမျိုးသားတပ်ဖွဲ့ဝင်များနှင့်တန်းတူ စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်နေရသဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ လုပ်ရည်ကိုင်ရည်နှင့် စိတ်ဓါတ်အရည်အသွေး မြှင့်မားအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတာဝန်ကျရာ ရဲတပ်ဖွဲ့အသီးသီး၏ လက်တွေ့လုပ်ငန်းနယ်ပယ်အတွင်း တာဝန်ထမ်းဆောင်သောအခါ ကျွမ်းကျင် ထက်မြက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများကို ထိရောက်စွာအသုံးချဆောင်ရွက်တတ်ရန်လိုကြောင်း၊ လက်တွေ့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်မှုကိုအခြေခံပြီး ဆင်ခြင်တုံတရားလက်ကိုင်ထားကာ မိမိအားပေးအပ်ထားသော လုပ်ပိုင်ခွင့်အတွင်းမှ ပြည်သူတစ်ဦးတစ်ယောက်၏ အခက်အခဲကို ပွင့်လင်းမြင်သာစွာ အလေးထားလုပ်ကိုင်ကူညီ၍ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုရယူပြီး ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်ကြိုးပမ်းသွားကြရန်လိုအပ်ကြောင်း၊ ပေးအပ်သောတာဝန်ကို အဂတိတရားကင်းရှင်းစွာဖြင့် စံနမူနာပြခေါင်းဆောင်များဖြစ်အောင် ထမ်းဆောင်ကြရန် ပဋိပက္ခများ တည်ငြိမ်အေးချမ်းအောင် ဖြေရှင်းဆောင်ရွက် ပေးသူများအဖြစ် ကြိုးပမ်းလုပ်ဆောင်ရန်နှင့် ရဲလုပ်ငန်းဆိုင်ရာစွမ်းရည်များ ပိုမိုမြှင့်မားတိုးတက်စေရန်အတွက် ကွန်ပျူတာ၊ အင်တာနက်နည်းပညာရပ်များအပါအ၀င် ခေတ်မီနည်းပညာများကိုလည်း တစ်ဖက်တလမ်းမှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်နှင့် မှုခင်းများ၊ အကြမ်းဖက်မှုများကို ကာကွယ်တားဆီးတိုက်ဖျက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတိလက်မလွတ်ဘဲ လုပ်ဆောင်ကြရန် လက်တွေ့လုပ်ငန်းခွင်နှင့် မိမိဘ၀လမ်းကြောင်းတစ်လျှောက် စံပြနိုင်ငံသား ကောင်းတစ်ယောက်ဖြစ်အောင် ကိုယ်ကျင့်သိက္ခာနှင့်အညီ သမာသမတ်ကျကျ ကျင့်ကြံနေထိုင်သွားကြရန်စသည်ဖြင့် မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ပါမောက္ခချုပ် (ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများတက်ရောက်၍ သင်တန်းဆင်းဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၈၈/၂၀၁၆) မှ ဘွဲ့ရ အမျိုးသား (၁၉၉) ဦး၊ အမျိုးသမီး (၁၁၁) ဦး စုစုပေါင်း (၃၁၀) ဦးတို့ကို သင်တန်းဆင်းပေးခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၀၉၃၀ အချိန် ဗဟိုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုး တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တစ်စိပ်ချေမှုန်းရေးဆုရရှိသော တပ်စိတ် (၁၅) မှ ကသ ၁၄၁ ဒုရဲအုပ်လောင်း လွတ်လပ်မောင်၊ ရဲကျင့်ဝတ်ဘာသာရပ်ထူးချွှန်ဆုရရှိသူ ကသ (၂၀) ဒုရဲအုပ်လောင်း ကျော်ရဲပိုင် တို့အား ဆုများချီးမြှင့်ပေးခဲ့ကာ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများ ကို လက်တွေ့နှင့် ပေါင်းစပ်ပြီး မိမိရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် လုပ်ငန်းအောင်မြင်အောင် ကြိုးစားရန် လုပ်ငန်းခွင်ထဲမှာ လူသစ်စိတ်သစ် အားမာန်သစ်များဖြင့် အနာဂတ်ရဲတပ်ဖွဲ့ကို လှပအောင်ပုံဖေါ်ဆောင်ရွက်ရန်၊ အမှန်တရားလက်ကိုင် ထားပြီး စည်းကမ်းရှိရှိနှင့် အဂတိတရားကင်းရှင်းသော အရာရှိကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ ဘ၀လမ်းကြောင်း တစ်လျှောက် ထက်မြက်သည့် လက်ရုံးရည်၊ မှန်ကန်သည့် နှလုံးရည်များပြည့်ဝပြီး ပြည်သူက ယုံကြည်ကိုးစားရသည့် စံပြ သားကောင်းများဖြစ်အောင် အစဉ်ကြိုးစမ်းလုပ်ဆောင်သွားကြရန် ပြောကြားခဲ့ပါသည်။











No comments:

Post a Comment