မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ (၁၈) ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အဆိုပါကျောင်း ဗဟိုခန်းမတွင် ဇူလိုင်လ (၉) ရက် နံနက် ၁၀၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးနှင့်ဇနီး၊ နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေနှင့်ဇနီး၊ ဌာနမှူးများ/ဌာနခွဲမှူးများ၊ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း (၁၂၆၄)ဦး တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားကို နမောဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပေးပြီး ၂၁ မိုင်ကျောင်းဆရာတော်ထံမှ ရှစ်ပါးသီလခံယူတည်ဆောက်ကြသည်။ ထို့နောက် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ်နှင့် ဇနီး ဒေါ်စောယုနွယ်မိသားစုတို့မှဦးဆောင်၍ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီးလှူဒါန်းမှုအစုစုတို့အတွက် ၂၁ မိုင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူလျက် အခမ်းအနာကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ကြွရောက်လာသော ဆရာတော်သံဃာတော် (၁၀) ပါးအား နေ့ဆွမ်းဆက်ကပ်ပြီး ကြွရောက်လာသူ အပေါင်းတို့အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း၏ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု အစုစုမှာ ၀တ္ထုငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ၂၆၁၇၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။
 
No comments:
Post a Comment