မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၈၉/၂၀၁၆) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၀၉၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၀၉၃၀ အချိန် ဗဟိုခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် မျိုးမင်းထိုက် တက်ရောက်မိန့်ခွန်းပြောကြားရာတွင် သင်တန်းကျောင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများကို လက်တွေ့နှင့် ပေါင်းစပ်ပြီး ထက်မြက်တဲ့ ဉာဏ်ရည်၊ ဉာဏ်သွေးများနဲ့ ရဲလုပ်ငန်းများ အောင်မြင်အောင် ကြိုးစားသွားကြရန်၊ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ အားမာန်သစ်တွေနဲ့ အောင်မြင်သော အကောင်းဆုံးအရာရှိများဖြစ်အောင် လုပ်ဆောင်ကာ အနာဂါတ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကို လှပအောင် ပုံဖေါ်ဆောင်ရွက်သွားရန်၊ ပြည်သူကပေါက်ဖွားလာတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်လို့ ဥပဒေနှင့်အညီ ပြည်သူကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်သူက အားကိုးယုံကြည်တဲ့ရဲတပ်ဖွဲ့ဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရန်၊ အဂတိတရားကင်းရှင်းပြီး လုပ်ငန်းတာဝန်များကို ကြိုးစားလုပ်ဆောင်ကာ အများကအတုယူနိုင်တဲ့ ခေါင်းဆောင်ကောင်း များဖြစ်အောင် ကြိုးစားကြရန်၊ ဘ၀လမ်းကြောင်းတစ်လျှောက် ထူးချွန်ထက်မြက်သည့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံ သော၊ ပြည်သူကယုံကြည်ကိုးစားရလောက်သည့် စံပြနိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးစားဆောင်ရွက် လုပ်ကိုင်ကြရန် ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးမှ တပ်စိတ်ချေမှုန်းရေးဆုရရှိသူ တပ်စိတ် (၃) မှ ကသ ၂၁၊ ဒုတိယရဲအုပ်လောင်း ခိုင်ဦးသန်း၊ ရဲကျင့်ဝတ်ဘာသာရပ် ထူးချွန်ဆုရရှိသူ ကသ ၂၂ ဒုတိယရဲအုပ်လောင်း ခင်မောင်သန်း တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ နည်းပြမှူးချုပ်နှင့် နည်းပြအရာရှိများ၊ သင်တန်းသား/သင်တန်းသူများ၏ မိဘဆွေမျိုးများတက်ရောက်၍ သင်တန်းဆင်း ဒုတိယရဲအုပ်လောင်း အမှတ်စဉ် (၈၉/၂၀၁၆) မှ သင်တန်းသား (၂၀၅) ဦး၊ သင်တန်းသူ (၁၀၆) ဦး စုစုပေါင်း (၃၁၁) ဦးတို့အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
 
No comments:
Post a Comment